Monday, January 19, 2009

Birthday Present



- လူတိုင်း၊ လူတိုင်းက ကိုယ့်မွေးနေ့ ကို တခြားလူတွေက အသိအမှတ်ပြုပေးတာ လိုချင်ကြတာချည်းပါပဲ။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့လူတွေဆီကပေါ့။ တကယ်လို့  များ အသိအမှတ်မပြုကြဘူးဆိုရင် ဘယ်လိုခံစားရမှန်း အသက်ကြီးတော့မှ နားလည်ခံစားမိတယ်။

- များသောအားဖြင့် လူတွေကတော်တော်အတ္တကြီးကြတယ်။ ကိုယ့်မွေးနေ့ ကိုပဲ အသိအမှတ် ပြုပေးတာ လိုချင်ကြပြီးတော့ သူများမွေးနေ့ ကို အသိအမှတ်ပြုပေးဖို့ 
ဝန်လေးနေကြတယ်။ မေ့လျော့နေကြတယ်။ တစ်ယောက်ယောက်ဆီက ကိုယ့်မွေးနေ့  ကို အသိအမှတ်ပြုကြောင်း မမျှော်လင့်ပဲ ကြားလိုက်ရတဲ့အခါ ဘယ်လောက်ထိဝမ်းသာ လဲဆိုတာ မသိကြဘူး။ ၀မ်းသာ တာထက်ပိုတဲ့ ကြည်နူးမှုလှိုင်းတံပိုးလေး လှုပ်ခတ်သွား တာကို ခံစားဖူးသူမှ သိမှာပါ။ ခံစားဖူးသူမှ နားလည်နိုင်မှာပါ။ ခံစားဖူးသူမှ ယုံကြည်နိုင် မှာပါ။

- အသက်အရွယ်ရလာတာနဲ့ အမျှ သူများမွေးနေ့ ကို အသိအမှတ်ပြုပေးရတာ မပျက်ကွက်ရအောင် ဂရုစိုက်ခဲ့တယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ် ပြုပေးချင်တယ်။ အသက်ကြီးကြီး၊ ငယ်ငယ် အသိအမှတ်ပြုပေးချင်တယ်။ ၀မ်းမြောက်
ဝမ်းသာနဲ့  သူတို့ ရဲ့ နှစ်သစ်ကို ကြိုဆိုပေးချင်တယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ ခက်ခဲ၊ခက်ခဲ မွေးနေ့ ကိုကြိုသိခဲ့မှတော့ ရင်ထဲက စေတနာနဲ့ ကို ဘယ်လောက်ပဲ ကုန်ကုန်လုပ်ပေးချင်တယ်။ မမျှော်လင့်ဘဲ ၀မ်းမြောက် မှုလေးရသွားစေချင်လို့ ပါ။

- ဒီနှစ်မကြုံရင်တောင် နောက်နှစ်ကို လုပ်ပေးလို့ ရသေးတယ်။ နောက်နှစ် မကြုံရင်တောင် နောက်တစ်နှစ်ကို လုပ်ပေးလို့ ရသေးတယ်။ ကိုယ်စေတနာ၊ မေတ္တာရှိတဲ့ လူတိုင်းကိုပေါ့။ ဒါပေမယ့် ... အစားထိုးလို့ မရတဲ့ ဆုံးရှူံးမှုကြီးတစ်ခုကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ ရရှိခဲ့တယ်။ ဘယ်တော့မှ မရနိုင်တော့တဲ့ ဆုံးရှူံးမှုကြီးပေါ့။

- မသိတတ်ခဲ့တဲ့ အသက်အရွယ်ကနေပြီး သိတတ်တဲ့ အသက်အရွယ်အထိ အမှတ်တမဲ့နေဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့ မှတ်ဥာဏ်အတွက်လည်း နောင်တရလို့ မဆုံးဘူး။
ဘာလို့ များမေ့လျော့နေမိပါလိမ့်လို့  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပေါင်းလည်း မနည်းဘူး။ တကယ်ဆိုရင် ... မဖြစ်သင့်ဘူး။ သူများတွေရဲ့  မွေးနေ့ ကို အသိအမှတ်ပြုတာ မပျက်ကွက်အောင် ကြိုးစားနေရင်းက ကိုယ့်အချစ်ဆုံးလူရဲ့ 
မွေးနေ့ ကို (သိရဲ့ သားနဲ့ ) ဘာလို့ ပျက်ကွက်မိလဲ မသိ။

- ခုချိန်ကျမှ "ချစ်လှပါချေရဲ့  ..." လို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့် သိနိုင်တော့တာမှ မဟုတ်တာ။ တကယ်ဆို အတူတူနေခဲ့စဉ် တစ်လျှောက်လုံး ပြောပြသင့်တယ်။ ရင်ထဲကတောင်မကဘဲ နှုတ်ကဖွင့်ဟသင့်တယ်။ သိအောင်ရေရွတ်သင့်တယ်။
မွေးနေ့ လက်ဆောင်အဖြစ် အသိအမှတ်ပြုပေးစရာ ကိုယ့်လက်ထဲမှာ ဘာတခုမှမရှိတောင် အနမ်းတခုပဲ ဖြစ်ဖြစ် ဆက်သသင့်တယ်။ တကယ်ဆိုရင် ဖြစ်သင့်တာတွေ အများကြီးပါ။ မဖြစ်နိုင်တော့တာတွေလည်း အများကြီးပဲပေါ့။

- ဖြစ်မလာနိုင်တော့တဲ့အချိန်ကျမှ သတိရနေလို့ ကတော့ ကိုယ့်အတွက် သောကအပြင် ဘာများရနိုင်မှာမို့ လို့ လဲ။ အပိုလက်ဆောင်အဖြစ် ၀မ်းနည်းမှုမျက်ရည်တွေ စီးဆင်းလာရုံပေါ့။ သူများတွေကို ကြည့်ပြီး အားကျလာရုံပေါ့။ ကိုယ့်ကိုယ်ကို ဆထက်တစ်ပိုး ၀မ်းနည်းလာရုံပေါ့။ ဒါတွေ၊ ဒါတွေကို သိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ၀မ်းမနည်းအောင်မတားဆီးနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ စိတ်တွေကို အတိတ်ထဲကနေ ဆွဲမထုတ်နိုင်ခဲ့ဘူး။ ပစ္စုပ္မန်ကို ဆွဲမပို့ နိုင်ခဲ့ဘူး။ ဒါတောင်
အတိတ်ရဲ့ အနေအထားက ကိုယ့်အနားမှာ ရှိမနေသေးလို့ သာပဲ။ ရှိများရှိရင်တော့ ရုန်းထွက်နိုင်ပါ့မလား??

5/5/4

No comments:

Post a Comment